Monday, August 25, 2008

ရိုင်ဖယ်သေနတ်နှင့်ဆရာဝန် (သို့မဟုတ်) ချေဂွေဗားရား

(၁)

မြေ၀သုန်သည် ဂုဏ်ပြုအပ်သည့် ဧည့်သည်တယောက်အား ဆီးကြို၍ထွေးပွေ့ထားခဲ့သည်မှာ
ကြာပြီ။ သူကျဆုံးခဲ့သည့် ၁၉၆၇ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့မှ။ နှစ်ပေါင်း (၄၀) ရှိလေပြီ။ သူကား ဆရာဝန်တဦး။ သို့သော် သူကား မောင်းပြန်ရိုင်ဖယ်သေနတ်ကိုသာ ကိုင်၏။

"လူတယောက်ချင်း ခံစားရတဲ့ ရောဂါတွေကို ကုရတာထက် လူ့အဖွဲ့အစည်းအလိုက် ခံစားရတဲ့
ဝေဒနာတွေကို ကုသပေးရတာ ပိုအကျိုးရှိပါတယ်" သူပြောခဲ့သည့်စကားဖြစ်၏။ ၁၉၅၉ ခုနှစ်
ဇန်န၀ါရီလ (၁) ရက်နေ့က ကျူးဘားနိုင်ငံ ဟားဗားနားမြို့၌ ပြောခဲ့ခြင်းဖြစ်၏။

(၂)

၁၉၆၇ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် သူကွယ်လွန်ခဲ့ပြီဟူသည်အား အတည်ပြုနိုင်
သည်က အောက်တိုဘာလ (၁၅) ရက်နေ့မှဖြစ်သည်။ ကျူးဘားသမ္မတ ရဲဘော်ကြီး ဖီဒယ် ကက်စထရိုမှ အတည်ပြုထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။ သူ၏ရုပ်အလောင်းမှ ဖြတ်၍ယူလာခဲ့
သည့် လက်မောင်းရင်းမှ ပြတ်နေသည့် လက်နှစ်ဖက်အား ကြည့်၍ သူကွယ်လွန်ခဲ့ပြီဟု အတည် ပြုခဲ့ရခြင်းဖြစ်သည်။ သူ၏အလောင်းကိုမူ မတွေ့ခဲ့ကြရ။ နှစ်ပေါင်း (၃၀) အထိ ပျောက်ဆုံးနေခဲ့၏။ ၁၉၉၇ ခုနှစ် ဇူလိုင်လ (၁၂) ရက်တွင်မှပင် သူ၏ရုပ်အလောင်းအား မြေ၀သုန်အတွင်းမှ ပြန်လည် တူးဖော်ရရှိတော့၏။

ဘိုးလီးဗီးယားနိုင်ငံ "ဗယ်ရီဂရန်ဒေသ" လေယာဉ်ကွင်းငယ်လေးအနီးမှဖြစ်သည်။ ကျင်းငယ်
အတွင်း၌ ရုပ်အလောင်းအရိုးစု (၇) စုအား တွေ့ရ၏။ အရိုးစုအမှတ် (၂) က လက်မောင်းရင်းမှ
နေ၍ လွှနှင့်တိုက်ဖြတ်ထားခြင်းခံရသဖြင့် လက်နှစ်ဖက်စလုံးမရှိ။ ဒီအင်အေ စစ်ဆေးမှုပြု၍ အတည်ပြုနိုင်ခဲ့၏။

သူ …။
သူကား နှစ်ပေါင်း (၃၀) ကြာမှပင် ကျူးဘားနိုင်ငံ "ဆန်တာကလာရာမြို့" ရှိ သူ၏ ဂူဗိမာန်
အတွင်း ကိုယ်အင်္ဂါစုံလင်စွာနှင့် လဲလျောင်းရတော့၏။

(၃)

သူနှင့်ပတ်သက်၍ သူ့ဝန်းကျင်၏ မှတ်ချက်အမြင်များမှ သူ့အား တွေ့ရမည်။ ပြင်သစ်အတွေးအခေါ် ပညာရှင် "ယန်ပေါဆတ်" က သူ့အား "ကျနော်တို့ခေတ်ရဲ့ အပြီးအပြည့်အစုံဆုံး လူသား" ဟူ၍ မှတ်ချက်ပေး၏။ အမေရိကန်နိုင်ငံ မေရီလင်းအင်စတီကျူ က သူ့အား "ကမ္ဘာပေါ်တွင် နာမည် အကျော်ကြားဆုံး ၂၀-ရာစု ၏ သင်္ကေတတခု" ဟု သတ်မှတ်၏။ သူ၏ရဲဘော်ကြီး ကျူးဘားသမ္မတ ဖီဒယ်ကက်စထရိုကမူ သူ့အား"သူဟာ သူ့ရဲ့ အကျင့်စာရိတ္တ၊ သူ့ရဲ့ စိတ်ဓာတ်၊ သူ့ရဲ့ကြံ့ခိုင်မှုနဲ့ အလုပ် လုပ်ရာမှာ စိတ်အားထက်သန်မှုတွေကို ထားရစ်ခဲ့တာဖြစ်တယ်။ တခွန်းတည်းအတိုချုပ်ပြောရမယ် ဆိုရင် သူ့ရဲ့ စံနမူနာတွေကို ကျနော်တို့အတွက် ထားခဲ့တာဖြစ်တယ်"

(၄)

သူ့အား အားဂျင်တီးနားနိုင်ငံ၏မြို့တော် "ဗွေနိုဇာရီမြို့" မှ မိုင် ၁၀၀ ကျော်ဝေးသည့် "ရိုစာရီယိုမြို့"
တွင် မွေးဖွားခဲ့၏။ "ရိုစာရီယိုမြို့" က "ပါရာနာ" မြစ်၏ မြစ်ဝကျွန်းပေါ်ဒေသတွင် တည်ရှိသည့်မြို့
ဖြစ်သည်။ စိုစွတ်၏။ အစဉ်အမြဲအေးခဲ၍နေသည်။

သူကား ၁၉၂၈ ခုနှစ် ဇွန် (၁၄) ရက်နေ့ဖွားဖြစ်သည်။ မောင်နှမ (၅) ယောက်အနက် အကြီးဆုံး ဖြစ်သည်။ ဖခင် အာနက်စ်စတိုဂွေဗားယာလင်(ခ်ျ)က အင်ဂျင်နီယာတဦးဖြစ်ပြီး မိခင်က စီလီယာ ဆာနာဖြစ်၏။ သူကား ငယ်စဉ်ကချူချာ၏။ ပန်းနာရင်ကြပ်သည်တဦး။ အေးလျှင် ပန်းနာဝေဒနာ
က ထပြီ။

ပန်းနာရင်ကြပ်ရောဂါရှိပေမယ့် သူကား အားကစားဖက်တွင်လည်းထူးချွန်ခဲ့၏။ "ရဂ္ဂဘီပွဲ" များ
တွင် ခပ်ကြမ်းကြမ်းကစားတတ်သည်။ ဖခင်က သူ့အား ငယ်စဉ်ကပင် သေနတ်ပစ်သင်ပေး၏။ စစ်တုရင်ကစားနည်းသင်ပေး၏။ သူသည် စစ်တုရင်ကစားရာတွင်လည်း ထူးချွန်သူတဦးဖြစ်ခဲ့
သလို သေနတ်ပစ်ရာတွင်လည်း…။

(၅)

သူက ငယ်စဉ်ကပင် စာအုပ်ပုံအကြား၌ ကြီးပြင်းခဲ့ရသူဟု ဆိုရမည်။ ဖခင်၏ ကိုယ်ပိုင်စာကြည့်
ခန်းတွင် စာအုပ်ပေါင်း ၃၀၀၀ ကျော်ရှိ၏။ စာကြည့်တိုက်ငယ်လေးတခုပမာ။ "ဂျက်လန်ဒန်" ၊ ""ဂျူးလဘန်း"၊ "ဆစ်ဂမန်ဖရိုက်"၊ "ဘာထရန်ရပ်ဆဲလ်" တို့အား ငယ်စဉ်ကပင် ဖတ်ခဲ့ရ၏။

သူက ကဗျာကိုလည်း အရူးအမူးစွဲလန်း၏။ "ပက်ဘလိုနီရူးဒါ" ၏ ကဗျာများအား အာဂုံဆောင် နိုင်သည်အထိ ဖတ်ခဲ့၏။ ဖခင်က လက်ဝဲ၀ါဒီတဦးဖြစ်၍ သူ့ဖခင်၏စာကြည့်ခန်းတွင် ကားမတ်ခ်
၏ ကျမ်းများက ရှိပြီးဖြစ်သည်။ သူ လေ့လာခွင့်ရခဲ့၏။

(၆)

၁၉၄၇ ခုနှစ်တွင် သူ "ဗွေနိုဇာရီး" တက္ကသိုလ်တွင် ဆေးပညာသင်ယူခဲ့သည်။ ထိုတက္ကသိုလ်မှ
ပင် ဒေါက်တာဘွဲ့ ရရှိခဲ့၏။ ၁၉၅၁ ခုနှစ်တွင် သူသည် ဆေးတက္ကသိုလ်တက်နေရင်း ခွင့်ယူ၍ သူငယ်ချင်းတဦးနှင့်အတူ မော်တော်ဆိုင်ကယ်တစီးနှင့် လက်တင်အမေရိကတိုက်တလွှား ခရီး
နှင်၏။ ချီလီသို့ရောက်၏။ ချီလီမှသည် ပီရူး၊ အီကွေဒေါ၊ ကိုလံဘီယာ၊ ထိုမှ ဗင်နီးဇွဲလား…။

ဤခရီးစဉ်မှ သူသည် လက်တင်အမေရိကရှိ ပြည်သူတို့၏ ဆင်းရဲမွဲတေမှု၊ လူတန်းစားမညီမျှမှုများ အား တွေ့ခဲ့သည်။ ဤခရီးစဉ်အကြောင်းအား သူကိုယ်တိုင် စာပြန်ရေး၏။ "မော်တော်ဆိုင်ကယ် ဒိုင်ယာရီ" ဟူ၍ စာအုပ်အဖြစ် ထုတ်ဝေခဲ့၏။ စရေးသည်မှာ စပိန်ဘာသာနှင့်ဖြစ်သည်။ နောက်ပိုင်း
တွင်မူ အင်္ဂလိပ်ဘာသာသို့ ပြန်၍ ထုတ်ဝေခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ထိုစာအုပ်အားမှီ၍ ရုပ်ရှင် ပြန်ရိုက်၏။

(၇)

၁၉၅၃ ခုနှစ်တွင် အာဂျင်းတီးနားအစိုးရက ဆရာဝန်များအား အတင်းအကျပ် အမှုထမ်းခိုင်း၏။
သူက လူတယောက်ချင်း ခံစားနေရသည့် ဝေဒနာအား မကုသချင်။ ဤတွင် သူသည်
အာဂျင်းတီးနားမှ တိမ်းရှောင်ထွက်ခဲ့တော့၏။

ပီးရူး၊ အီကွေဒေါ၊ ပနားမား၊ ကော်စတာရီကာ၊ နီကာရာဂွား၊ ဟွန်ဒူးရပ်စ်၊ အဲလ်ဘာလဗာဒို၊ ဂွာတီမာလာတို့မှ မက္ကဆီကိုသို့ရောက်၏။ မက္ကဆီကိုတွင် သူသည် ကျူးဘားမှ ဖီဒယ်ကက်စထရို
တို့ အုပ်စုနှင့်တွေ့၏။ ပေါင်းမိ၏။ ထိုစဉ်က ဖီဒယ်ကက်စထရိုတို့ အုပ်စုအား "၂၆ J" ရဲဘော်များဟု ခေါ်ကြသည်။ ဖီဒယ်ကက်စထရိုတို့၏ "၂၆ J" ရဲဘော်များက ကျူးဘားအာဏာရှင် "ဖူလ်ဂျင်စီယို ဘာတစ္စတာ" အစိုးရအား လက်နက်ကိုင် ပုန်ကန်ရန် ကြိုးပမ်းနေကြသည့် တော်လှန်ရေးသမား လူငယ်များ။

မက္ကဆီကိုတွင်ပင် "၂၆ J" ရဲဘော်များနှင့်အတူ သူ စစ်သင်တန်းတက်ခဲ့၏။ သင်တန်းဆရာက မက္ကဆီကိုမှ ဗိုလ်မှူးကြီးဟောင်းတဦး။ သင်တန်းမှူး ဗိုလ်မှူးကြီးဟောင်း  "အယ်ဘာတိုဘေးယို"
က မှတ်ချက်ပြု၏။ "သူသည် သင်တန်းသားများအားလုံးအနက် အထူးချွန်ဆုံး ဖြစ်သည်" ဟူ၍။

(၈)

၁၉၅၆ ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့တွင် "၂၆ J" ရဲဘော်များနှင့်အတူ သူသည် ကျူးဘားနိုင်ငံ
သို့ ၀င်ခဲ့ကြ၏။ Gramma အမည်ရှိ မော်တော်ငယ်တစီးနှင့်။ မိုင် ၁၃၀ ကျော်ဝေးသည့် ပင်လယ်
ခရီးအား နှင်ကြ၏။ ရဲဘော်ရှစ်ကျိပ်နှင့် တယောက်။ ဓားကောက်သဏ္ဍာန် ကျူးဘားကျွန်းပေါ်သို့ ရောက်၏။ မကြာ ကျူးဘားအာဏာရှင်တပ်များနှင့် တိုက်ပွဲများ ဖြစ်သည်။ တိုက်ပွဲအဖြေက
မကောင်း။ သူတို့ဘက်မှ ရဲဘော် (၆၉) ယောက် ကျဆုံးကုန်၏။ သူ၊ ဖီဒယ်ကက်စထရိုနှင့် ရဲဘော်
(၁၂) ယောက်သာကျန်တော့၏။

အငတ်ငတ်အပြတ်ပြတ်။ ကြံခင်းများအတွင်း ပုန်းနေကြ၏။ ကြံများစုတ်ရင်းသာ အာဟာရ ဖြည့်နေ ကြရသည်မှာ ရက်သတ္တပတ်ခန့်ကြာ၏။ ဤမှ သူတို့ အာဏာရှင်အားပြန်တိုက်၏။ မောင်းပြန်ရိုင်ဖယ် (၁၂) လက်။
လူ (၁၂) ယောက်နှင့်။

(၉)

ကျူးဘားနိုင်ငံ "ဆီအဲယားမေထရာ" တောင်တန်းများပေါ်မှ သူတို့ လွတ်မြောက်နယ်မြေ တည် ဆောက်၏။ သူပုန်စခန်းဖွင့်၏။ အောင်မြေ။

သူသည် ထိုဒေသမှစ၍ လူထုအတွင်း ဆေးခန်းများဖွင့်၏။ စာသင်ကျောင်းများ တည်ထောင်၏။ ဤတွင် သူသည် မောင်းပြန်ရိုင်ဖယ်အား လက်မှကိုင်ရင်း လူထုအား ဆေးကုသ၏။ လူတယောက် ချင်း၏ ဝေဒနာအား သက်သာစေရန် ဆောင်ရွက်သလို လူ့အဖွဲ့အစည်း၏ခံစားနေရသော ဝေဒနာ ကိုလည်း ကု၏။ လူထုမှ ထောက်ခံလာသည်။ တော်လှန်ရေးသည် မြင့်တက်၍လာ၏။ ဒီလှိုင်းများ သဖွယ် အားနှင့်မာန်နှင့်၊ အဆုံး၌ ကျူးဘားအာဏာရှင်အစိုးရ ကျဆုံးရ၏။

(၁၀)

ကျူးဘားတော်လှန်ရေးတွင် ကျူးဘားမဟုတ်သော သူသည် ရဲဘော်ကြီး ဖီဒယ်ကက်စထရိုပြီး
လျှင် ဒုတိယသြဇာအာဏာအရှိဆုံးဖြစ်လာ၏။ ကျူးဘားနိုင်ငံ၏ ပြန်လည်ထူထောင်လုပ်ငန်းများ
တွင် အဓိက တာဝန်ယူခဲ့သည်။ လူတန်းစားမဲ့ လူ့အဖွဲ့အစည်းသစ်ဆီသို့ ချီတက်ရာတွင် သူသည် စီးပွားရေးရာအပိုင်း၌ အဓိက ပဲ့နင်းကြီးအဖြစ် မောင်းနှင်ခဲ့ရသည်။ ကျူးဘားနိုင်ငံသုံး ငွေစက္ကူ
ပေါ်၌ သူ့လက်မှတ်ထိုးပေးရ၏။

ထိုစဉ်က GATT (ကုန်သွယ်ရေးနှင့်အခွန်အကောက်ဆိုင်ရာ အထွေထွေသဘောတူညီချက်အဖွဲ့) အစည်းအဝေးပွဲများသို့ သူတက်ရောက်ခဲ့ရသည်။ သံလွင်ရောင်စစ်ဝတ်စုံ၊ ပြောက်ကျားယူနီဖောင်း
နှင့် …။

(၁၁)

၁၉၆၂ ခုနှစ်ကား စစ်အေးတိုက်ပွဲအရှိန်၏ အမြင့်မားဆုံးကာလဟု ဆိုရမည်။ ဆိုဗီယက်တို့၏ ဒုံးကျည်များအား ကျူးဘားတွင် တည်ဆောက်မည်။ အမေရိကန်က သဘောမတူ။ ဤတွင် တင်းမာမှုက ကြီးမား၍လာ၏။ နျူကလီးယားစစ်ပွဲများ ဖြစ်လေမည်လား။
ကက်စထရိုနှင့် ခရူးရှော့ ဆက်ဆံရေးက အထူးကောင်းမွန်၏။

(၁၂)

၁၉၆၄ ခုနှစ် ဒီဇင်ဘာလမှ ၁၉၆၅ ခုနှစ် မတ်လအထိ သူသည် နိုင်ငံတကာခရီးစဉ်များသွား၍
သံခင်းတမန်ခင်းများအား ခင်းကျင်း၏။ ပြင်သစ်၊ အီဂျစ်၊ အယ်ဂျီရီယား၊ ဂါနာ၊ ဂီနီ၊ မာလီ၊ ဒါဟိုမီ၊ ကွန်ဂို၊ အိုင်ယာလန်နှင့် တရုတ်ပြည်သစ်နိုင်ငံများသို့။

ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်ပြည်တို့က သဘောတရားအရ ကွဲလွဲနေကြချိန်ဖြစ်
သည်။ သူက သဘောတရားအရတွင် "မော်" တို့နှင့်တူ၏။ ဤအတိုင်းပင် သူ့ခရီးစဉ်များအတွင်း ပြောဆိုဆွေးနွေး၏။ ကျူးဘားခေါင်းဆောင်တဦးပြောခြင်းဖြစ်၍ ကျူးဘားသဘောထားဟု ကမ္ဘာ
က မြင်ကြ၏။ ဤတွင် သူ့အပေါ် ဖီဒယ်ကက်စထရိုတို့ ညီအစ်ကို မနှစ်မြို့တော့။ သူတို့ ညီအစ်ကိုက "ခရူးရှော့"နှင့် နီးစပ်သူ။ သူခရီးစဉ်အပြီး "ဟားဗားနား" သို့ ပြန်ရောက်၏။ ဖီဒယ်ကက်စထရိုတို့ ညီအစ်ကိုနှင့် သူ၏ဆက်ဆံရေးက အေးအေးစက်စက်။ မကြာ သူ ကျူးဘားမှ ပျောက်သွားခဲ့တော့
၏။ အားလုံးအား စွန့်လွှတ်၍ …။

(၁၃)

အာဖရိကတိုက်ရှိ ကွန်ဂို -ကင်ရှာဆား ပြောက်ကျားစစ်ပွဲအတွင်း သူ သေနတ်ကိုင်၍ရောက်သွား၏။ အာဖရိက တောနက်ကြီးအတွင်း ပြောက်ကျားစစ် ဆင်နေတော့၏။ ရာသီဥတုက ဆိုးသည်။ ထိုစဉ်
က သူအသက်သည် (၃၈) နှစ်ခန့်ရှိပြီ။ ပန်းနာရင်ကျပ်ဝေဒနာက ပြန်ထ၍လာပြီ။ ဆိုးဆိုးဝါးဝါး။

မရတော့။ သူ အနားယူရသည်။ အနားယူစဉ် ကာလအတွင်း "ကွန်ဂိုဒိုင်ယာရီ" အားရေးခဲ့သည်။
သူ၏ တော်လှန်ရေးကာလ ကွန်ဂို အတွေ့အကြုံများ။

(၁၄)

ထို့နောက် သူသည် ဘိုလီးဗီးယားအစိုးရအား တော်လှန်ရန် ဘိုလီဗီးယားသို့ ထွက်ခဲ့၏။ သူနှင့်
ရဲဘော် (၁၇) ယောက်။ ဗီယက်နမ်ရဲဘော်များလည်းပါသည်။  ပြီးလျှင် လက်တင်အမေရိကမှ ရဲဘော်များ။ ၁၉၆၇ ခုနှစ် အောက်တိုဘာ (၇) ရက်နေ့တွင် သူနှင့်ရဲဘော်များ ဘိုလီးဗီးယားနိုင်ငံ
ယူဂို(ချူရီ) တောင်ကြားအတွင်းသို့ ၀င်ခဲ့ကြ၏။ ရိုင်ဖယ်သေနတ်များနှင့်။

ချောင်းရိုးငယ်အား ဖြတ်ကြ၏။ ဤတွင် ၀ိုင်းဝန်းပစ်ခတ်မှုအား သူတို့ ရုတ်တရက်ခံလိုက်ကြရ၏။
သူ ဦးဆောင်သည့်ပြောက်ကျားများ ဘိုလီးဗီးယားစစ်တပ်၏ ချုံခိုတိုက်ခိုက်ခြင်းအား ခံကြရပြီ။ အကျအဆုံးက များသည်။ သူလည်း ထိ၏။ ဆုတ်၍မရ။ တက်၍မရ။ နောက်ဆုံး သူ ဘိုလီးဗီးယား စစ်တပ်၏ ဖမ်းဆီးခြင်းအား ခံလိုက်ရ၏။

(၁၅)

၁၉၆၇ ခုနှစ်အောက်တိုဘာလ (၉)ရက်နေ့။
ဘိုလီးဗီးယားနိုင်ငံ၏မြို့တော်နှင့် ဝေးကွာလွန်းသည့် "ဗယ်လီဂရန်ဒေမြို့" လေယာဉ်ကွင်းငယ်၏ အနီးတွင် ဘိုလီးဗီးယားစစ်တပ်သည် ဒဏ်ရာနှင့်စစ်သုံ့ပန်းတဦးအား နောက်ပြန်လက်ထိပ်ခတ်၍ ထားသည်။ လက်ထိပ်ခတ်ခံထားရသည့် စစ်သုံ့ပန်းသည် ဘိုလီးဗီးယားစစ်သားများ၏အရှေ့၌
မတ်မတ်ရပ်၍နေသည်။ စစ်သားများက စစ်သုံ့ပန်းအား မောင်းပြန်ရိုင်ဖယ်သေနတ်များနှင့်ချိန်
ထား၏။ စစ်သုံ့ပန်းက စစ်သားများအား သူ၏စူးရှသော မျက်လုံးများနှင့်ကြည့်၏။

အမိန့်သံထွက်လာ၏။
ယမ်းပေါက်ကွဲသံများ ဆူညံ၍သွားသည်။ ယမ်းညှော်နံ့တို့က လေယာဉ်ကွင်းအနီး မွှန်၍နေသည်။ စစ်သုံ့ပန်းသည် တဖြေးဖြေး ပျော့ခွေ၍ ကျသွားသည်။ သွေးတို့က ခန္ဓာကိုယ်အနှံ့မှ ယိုစီး၍ ထွက် လာသည်။ ပြီးလျှင် ဘိုလီးဗီးယားစစ်သားများက သွေးအလူးလူးနှင့်လဲနေသော အလောင်း၏ လက် နှစ်ဖက်အား လက်မောင်းရင်းမှ လွှနှင့်တိုက်၍ ဖြတ်ကြ၏။ ထိုနောက် လေယာဉ်ကွင်းအနီးတွင်ပင် လက်မပါသော ခန္ဓာကိုယ်အား ကျင်းတူး၍ မြုပ်နှံလိုက်ကြတော့၏။

(၁၆)

မပုပ်မသိုးရန် ဆေးရည်စိမ်ထားသည့် လက်နှစ်ဖက်အား ဘိုလီးဗီးယားအစိုးရမှ ကျူးဘားသမ္မတ ဖီဒယ်ကက်စထရိုထံသို့ ပို့လိုက်၏။
၁၉၆၇ ခုနှစ် အောက်တိုဘာလ (၁၅)ရက်။

ဤလက်နှစ်ဖက်အား ဖီဒယ်ကက်စထရိုသည် မြင်သည်နှင့်သိ၏။ သူနှင့် တော်လှန်ရေးများအတွင်း လက်တွဲခဲ့သည့်လက်များ။ မလွဲနိုင်။ သူ…။ သူ …။
"အာနက်စ်တိုဂွေဗားရားဒီလာဆနာ" သို့မဟုတ်  "ချေ"။

ချေ ဟူသည်က …..စပိန် ဘာသာအရ " ရဲဘော်၊ ရဲဘက်" ဟူ၍ဖြစ်သည်။

"မြေ၀သုန်ရေ …
ဂုဏ်ပြုအပ်တဲ့
ဧည့်သည်တယောက်ကို
ဆီးကြိုပေတော့ …"
(အော်ဒင်)         # end

Sunday, August 24, 2008

ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ဂုဏ်ရောင် ထာဝရ ထွန်းပြောင်ပါစေ

၈ - ၈ - ၈၈ မှ
၁၈ - ၉ - ၈၈ နေ့အထိ
၁၃၅၀ပြည့် အရေးတော်ပုံ
ရှစ်လေးလုံးအရေးတော်ပုံ -
ဒီ အရေးတော်ပုံကြီးရဲ့ ဂုဏ်ရောင်ဟာ
စစ်အာဏာရှင်တွေ ဘယ်လိုဖြို ဖြို
ဘယ်တော့မှ မပြိုပျက်
ဆက်လက်ပြီးပဲ ရှင်သန်
သမိုင်းတွင် ကျန်ရစ်ခဲ့မှာ သေချာတယ် ။

ဒီအရေးတော်ပုံကြီးဟာ
ဗမာပြည်ရဲ့ သမီးသား
ခွပ်ဒေါင်းများက စတင်လိုက်
လူထုတိုက်ပွဲပေါင်းစုံတို့ရဲ့ စုစည်းရာ
သမိုင်းဝင် မဟာအရေးတော်ပုံကြီး ဖြစ်ပါတယ် ။

ဒီအရေးတော်ပုံကြီးဟာ
သမိုင်းဂုဏ် အလွန်မြင့်မား
စံထားရမယ့် မှတ်ကျောက်နီ ။

ဒီအရေးတော်ပုံကြီးဟာ
အာဇာနည်များစွာကို မွေးဖွား
သွေးနဲ့ရေးထားရတဲ့ မော်ကွန်းရှည် ။

ဒီအရေးတော်ပုံကြီးကနေ
အမိမြေ ရဲ့ ဒီမိုကရေစီရေး
ဟစ်ကြွေး ရှေ့ရှု နိုင်ခဲ့တယ် ။

ဒီအရေးတော်ပုံကြီးကနေ
လူတန်းစားအထွေထွေရဲ့ ဆန္ဒ
ဖေါ်ထုတ်ပြရာ အစုအစည်း
သမဂ္ဂ အသီးသီး ပေါ်ထွန်းလာခဲ့တယ် ။

ဒီအရေးတော်ပုံကြီးကနေ
ဒီရေ ပမာအလား
နိုင်ငံရေးပါတီ များစွာ
မွေးဖွားပေးခဲ့တယ် ။

ဒီအရေးတော်ပုံကြီးကနေ
ခွပ်ဒေါင်းတွေရဲ့ မူလ
ဗကသ
တကသ
ရကသ တို့အပြင်
သမိုင်းစဉ်မှာ မရှိဖူးသေး
အခြေခံပညာရေးကျောင်းသားများသမဂ္ဂ
အကသ ကို မွေးဖွားပေးခဲ့တယ် ။

ဒီအရေးတော်ပုံကြီးကနေ
ခွပ်ဒေါင်းတွေအတွက်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
ABSDF
ကျောင်းသားလက်နက်ကိုင်တပ်မတော်
ထွန်းပေါ် ပေါက်ဖွားလာခဲ့တယ် ။

ဒီအရေးတော်ပုံကြီးဟာ
ဗမာ့သမိုင်းသာမက
ကမ္ဘာ့သမိုင်းအထိ မှတ်တမ်းဝင်
မော်ကွန်းတင်ထားရမယ့် အရေးတော်ပုံကြီးဖြစ်ပါတယ်။

ဒီအရေးတော်ပုံကြီးရဲ့ ဂုဏ်ရောင်ကို
ဘယ်အချောင်သမား ဘယ်အုပ်စိုးသူ
ဘယ်ဖေါက်ပြန်သူကမှ ချေ ဖျက်မရ
အ၀င်းပဆုံး ထွန်းတောက်
သမိုင်းတလျောက် ထာဝစဉ်
ဥဒါန်းတွင်ရစ်ပါစေသောဝ် ။ ။

ဝင်းတင့်ထွန်း

( မှတ်ချက်။ ၁၉၉၅ ခုနှစ်က၊ တက္ကသိုလ်စိန်ရတု အထိမ်းအမှတ်အဖြစ်၊
ဗကသများအဖွဲ့ချုပ်မှ ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ‘ခွပ်ဒေါင်းတို့ရဲ့ တွန်ကျူးသံ’
လုံးချင်းကဗျာစာအုပ်မှ ၈၈၈၈ ရှစ်လေးလုံးအရေးတော်ပုံ အပိုင်းကဏ္ဍပါ ကဗျာပိုဒ်များကို
ထုတ်နှုတ်ပြီး၊ ရှစ်လေးလုံးအရေးတော်ပုံ အနှစ်(၂၀)မြောက်ကို အထိမ်းအမှတ်
ပြုလိုက်ခြင်းဖြစ်ပါတယ်။ )

နေ့သစ်ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်။